Saturday, 29 June 2019

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း (အင်္ဂလိပ်: General Aung San)သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ စစ်သေနာပတိတစ်ဦးဖြစ်သည့်အပြင် နိုင်ငံရေးသမားလည်း ဖြစ်သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုဉ်းစေပြီး မြန်မာတနိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း (၃၀) အကြာတွင် ဖြစ်ပါသည်။ နတ်မောက်နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။ အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက် လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။
ဗိုလ်ချုပ်
အောင်ဆန်း
Aung San color portrait.jpg
5th Premier of British Crown Colony of Burma
Deputy Chairman of the Executive Council of Burma
တာဝန်သက်တမ်း
၂၆ စက်တင်ဘာ ၁၉၄၆ – ၁၉ ဇူလိုင် ၁၉၄၇
ယခင်လူဆာပေါ်ထွန်း
ဆက်ခံသူဦးနု (ဝန်ကြီးချုပ်အဖြစ်)
ဖဆပလ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၇ မတ် ၁၉၄၅ – ၁၉ ဇူလိုင် ၁၉၄၇
ယခင်လူမရှိ
ဆက်ခံသူဦးနု
မြန်မာနိုင်ငံ စစ်ဘက်ဝန်ကြီး
တာဝန်သက်တမ်း
၁ ဩဂုတ် ၁၉၄၃ – ၂၇ မတ် ၁၉၄၅
ယခင်လူမရှိ
ကိုယ်ရေး အချက်အလက်များ
မွေးဖွားထိန်လင်း
၁၃ ဖေဖော်ဝါရီ၊ ၁၉၁၅
နတ်မောက်မြို့၊ မကွေး၊ဗြိတိသျှဘားမား
ကွယ်လွန်ဇူလိုင် ၁၉၊ ၁၉၄၇(အသက် ၃၁)
ရန်ကုန်မြို့၊ ဗြိတိသျှဘားမား။
ကွယ်လွန်ရသည့် အကြောင်းရင်းလုပ်ကြံခံရခြင်းကြောင့်
သင်္ဂြိုဟ်ရာနေရာအာဇာနည်ဗိမာန်၊ ရန်ကုန်မြို့။
လူမျိုးမြန်မာ
နိုင်ငံရေးပါတီဖဆပလ
ဗမာပြည်ကွန်မြူနစ်ပါတီ
ကြင်ဖော်(များ)ဒေါ်ခင်ကြည် (၆ စက်တင်ဘာ ၁၉၄၂)
Relationsဦးဖာ (ဖခင်)
ဒေါ်စု (မိခင်)
ဘဝင်း (အစ်ကို)
စိန်ဝင်း (တူ)
သားသမီးအောင်ဆန်းဦး
အောင်ဆန်းလင်း

အောင်ဆန်းစုကြည်
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ရေနံချောင်း အထက်တန်းကျောင်း
အလုပ်အကိုင်နိုင်ငံရေးသမား၊ ဗိုလ်ချုပ်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
လက်မှတ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံဗမာ့အမျိုးသားတပ်မတော်
ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်
ဗမာပြည် ကွန်မြူနစ်ပါတီ
ရာထူးဗိုလ်ချုပ် (ထိုစဉ်က တပ်မတော်တွင် အမြင့်ဆုံးရာထူး)
ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်းဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ “ကုလားတို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင်ဆန်းမိသားစုနှင့် နယ်သူနယ်သားများ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။

အမည်

ဇာတာတွင်ပါရှိသည့် အမည်မှာ ‘မောင်ထိန်လင်း’ ဖြစ်သည်။ မိဘများက အကိုဖြစ်သူ အောင်သန်း နှင့် လိုက်ရန် အောင်ဆန်း ဟု ခေါ်ခဲ့သည်။တို့ဗမာအစည်းအရုံးဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ တရုတ်အမည်မှာ ထန်လုရှိုဖြစ်ကာ၊ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိတ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။ တော်လှန်ရေးကာလအတွင်းတွင် အသုံးပြုခဲ့သော လျှို့ဝှက်အမည်များမှာ ဦးနောင်ချို၊ မျိုးအောင် ဟူ၍ဖြစ်ပြီး၊ ထောက်လှမ်းရေးရှေ့ပြေးဖြစ်သည့်ဗိုလ်နေဝင်းနှင့် ဆက်သွယ်သော လျှို့ဝှက်အမည်မှာ ကိုစက်ဖေဖြစ်သည်။ ထို့အပြင် အရိုင်း၊ ငမိုး စသည်ဖြင့် မိတ်ဆွေ၊ သူငယ်ချင်းများက ချစ်စနိုးဖြင့် နောက်ပြောင်ခေါ်သည့် အမည်များလည်း ရှိခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ဆွေစဉ်မျိုးဆက် ဇယား
ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာ

လူငယ်ဘဝ

ညီအကိုမောင်နှမ (၆) ဦး (ကလေးဘဝကပင် ကွယ်လွန်ကြသူများအပါအဝင်ဆိုလျှင် မွေးချင်း - ၉ ဦး) အနက် အထွေးဆုံးဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစားကြူး၍ လုံးဝနှစ်လိုဖွယ်မဟုတ်သော ကလေးတဦးဖြစ်ပါသည်။ စကားပြောလည်း နောက်ကျလှသဖြင့် မိသားစုက ‘ဆွံ့အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်းကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသားဖြောင့်မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာတတ်ခြင်း စသော ချစ်စဖွယ်စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့ အားငယ်စဉ်က ကောင်းစွာသိခဲ့သူများနှင့် သူ့မိသားစုဝင်များက ကောက်ချက်ချကြပါသည်။
အောင်ဆန်းမိသားစုမှာ ဉာဏ်ရည်ကောင်းပြီး ပညာဖက်တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်းရထားပါသည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်⁠ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင်ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။ စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဟု ဆိုရမည် ဖြစ်သော ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အလိုလိုက်ထားခဲ့၏။
သို့ဖြင့် (၈) နှစ်သားအရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အကိုဖြစ်သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ဝင်သောအခါ၌ ဘုန်းကြီးကျောင်းနေ သံဃာတို့ဘဝကို သဘောကျ၍ ပေလား၊ ရှင်လောင်းများစီးသည့် ကကြိုးတန်ဆာ ဆင်ရင်ထားသောမြင်းဖြူလေးကို သဘောကျ၍လားမသိ၊ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာပါတော့သည်။ လိမ္မာပါးနပ်သော အမေက အခွင့်ကောင်းကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြလိုက်ပါသည်။
ကျောင်းစတက်သည်ဆိုသည်နှင့် အောင်ဆန်းသည် ထူးချွန်သော ကျောင်းသားတဦးဖြစ်ကြောင်း ပေါ်လွင်လာပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ်ထိပ်တန်းက ရှိနေခဲ့ပါသည်။ အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။ လောကုတ္တရာပညာသာမက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။
ထိုအချိန်က အထက်တန်းပညာသင်ကြားရာ၌ လိုအပ်ချက်တခုဖြစ်သော အင်္ဂလိပ်စာကို အကိုကြီးများက သင်ထားပြီးဖြစ်သည့်အတိုင်း အောင်ဆန်းကလည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ဖြင့် အောင်ဆန်းလည်း ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါသည်။ သားထွေးလေးကို အိမ်မှ ခွဲခွာမသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်းတက်ခွင့်ရရန် အောင်ဆန်းသည် အစာငတ်ခံဆန္ဒပြပွဲလေးတခုကို ဆင်နွှဲခဲ့ရပါသေးသည်။
ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတဦးအဖြစ် အလုပ်လုပ်နေသော အကိုကြီး ဦးဘဝင်း၏ ထိန်းကျောင်းစောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘဝင်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်းကမ်းရှိရှိ၊ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။ ညီဖြစ်သူကလည်း ပညာရေးဖက်တွင် အားကောင်းကြောင်း ဆက်လက်ပြသကာ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်းစာမေးပွဲတွင်ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ကြေး ဆုကို ရရှိခဲ့၏။
အမျိုးသားကျောင်းများမှာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင်သူများကယူဆခဲ့ပါသည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်တို့အား သူတို့ ၏ ကိုလိုနီလက်အောက်ခံ ဘဝအခြေအနေကို နိုင်ငံရေးအသိတရားအရ ခံစားနားလည်စေပြီး၊ ထိုဘဝမှ လွတ် မြောက်လိုစိတ်များ အသည်းနှလုံးအတွင်းမှ ဖြစ်ပေါ်လာရန် ကျိုချက်ပေးလိုက်သော နေရာများသဖွယ်ဖြစ်ပါ သည်။
မိမိ၏နိုင်ငံကို လူမျိုးခြားတို့အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသောဆန္ဒသည် ရေနံ ချောင်းအမျိုးသားကျောင်း မတက်မီကာလကပင် အောင်ဆန်း၏ စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရပါသည်။ ကလေးဘဝက ဗြိတိသျှတို့အား ပုန်ကန်မောင်းထုတ်ရန် နည်းအမျိုးမျိုး ကို ကြံစည်စဉ်းစားခဲ့ပုံ၊ တခါတရံ ပြဒါးရှင် လုံးကဲ့သို့သော တန်ခိုးသိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကိုရယူရန် စိတ်ကူးယဉ် ခဲ့ပုံအကြောင်းကို သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးတွင် ရေးသားထားပါသည်။
အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ်ဝင် စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ သူ၏ ဟောပုံပြောပုံမှာ အားတက်စရာမဟုတ်သော် လည်း ကိုင်တွယ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထားခြင်း၊ ယုံကြည်ချက် အပြည့်အဝရှိခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့၏။
ကျောင်းဂျာနယ် စာတည်းအဖြစ်လည်းဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်းများတွင် ပါဝင်သော် လည်း တယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံထောင့်မကျိုးခြင်းတို့ကြောင့် အောင် ဆန်းကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်များက မြင်ကြပါသည်။ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ်ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပ ညာဆက်သင်ရန် ရောက်သွားပါသည်။
အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်း ကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလကပင်ဖြစ်ပါသည်။ တောင်သူလယ်သမားများ ခံစားနေရသော အတိဒုက္ခများမှ ပေါ်ပေါက်လာရသော ပုန်ကန်မှုကို ဗြိတိသျှအစိုးရက ရှင်ဘုရင်ဖြစ်လိုသော အယူသည်းသူတယောက် ဦးဆောင်သည့် တောသူတောင်သား ပုန်ကန်မှုမျှသာဖြစ်သည်ဟု သေးသိမ်စေရန် နှိမ်၍ဖော်ပြခဲ့ပါသည်။ သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲခဲ့သူ မများပြား သော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင် ဂရုဏာထားကြပါသည်။ ဆရာစံကို စွဲဆောင်နိုင်စွမ်းရှိသူတဦးအ ဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန်တို့ကို များစွာသနားကြင်နာခဲ့ ကြ၏။
ဗြိတိသျှအုပ်ချုပ်မှု အစောပိုင်းကာလတွင် ကျင့်သုံးသော ငြိမ်ဝပ်အေးချမ်းရေးလမ်းစဉ်မှာ အတော်အတန် အောင်မြင်မှုရှိခဲ့သော်လည်း လူမျိုးခြားကြီးစိုးမှုကို မြန်မာများက ကျေနပ်စွာ လက်ခံခြင်းမရှိပါ။ ကိုလိုနီအစိုးရ ပိုမိုခိုင်မြဲလာသည်နှင့် အုပ်ချုပ်သူလူမျိုးခြားတို့၏ ပလွှားမောက်မာသော အမူအကျင့်များနှင့် တိုင်းပြည်အတွက် စစ်မှန်သောကောင်းကျိုးကိစ္စရပ်တို့ကို လျစ်လျူရှုမှုများသည် တိုင်းသူပြည်သားတို့၏ မနှစ်သက် မကျေနပ်စိတ် များကို ဆွပေးသကဲ့သို့ ဖြစ်လာပါသည်။
ပထမဦးစွာပေါ်ထွန်းခဲ့သော အမျိုးသားရေးရာ အဖွဲ့အစည်းများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု တည်တံ့ခိုင်မြဲရန်နှင့် သန့်ရှင်းစင်ကြယ်ရန်ကိုသာ ဆောင်ရွက်ကြသည်။ သို့သော် ခေတ်ပညာတတ် မြန်မာလူ ငယ်အရေအတွက် များပြားလာသည်နှင့်အမျှ နိုင်ငံရေးရည်မှန်းချက်များပါ ပေါ်ပေါက်လာပါသည်။ ၁၉၀၆ ခုနှစ် တွင် တည်ထောင်သောဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ)သည် နိုင်ငံရေးရာများကို စတင် ကိုင်တွယ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သပိတ်ကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။
အမျိုးသားလှုပ်ရှားမှု အရှိန်အဟုန်ရလာသောအခါ ‘ဝိုင်အမ်ဘီအေ’ သည် ၁၉၂၀ ခုနှစ်၌ ‘ဂျီစီဘီအေ’ အသွင် သို့ ကူးပြောင်းသွားပါသည်။ ပထမဦးဆုံး ပေါ်ပေါက်လာသော အမျိုးသားမဟာမိတ်အဖွဲ့ဟု ခေါ်နိုင်ပါသည်။ မြန်မာ့အမျိုးသားရေးရာလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည်သွင်းပေးလိုက်သော ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်သည်။ ဆရာတော်၏ စိတ်အားထက်သန်သော လွတ်လပ်ရေးတောင်းဆိုမှုတို့ကြောင့် နိုင်ငံတဝှမ်းတွင် မျိုး ချစ်စိတ်ဓာတ်ပြင်းပြစွာ တက်ကြွလာပါသည်။ သို့သော်လည်း စုပေါင်းညီညာသော လွတ်လပ်ရေးလှုပ်ရှားမှု ပေါ်ပေါက်စေမည့် အင်အားများမှာ နိုင်ငံရေးအကွဲအပြားများကြောင့် လွင့်စင်သွားရ၏။
၁၉၂၂ ခုနှစ်တွင် (၂၁) ဦးပါတီသည် ဂျီစီဘီအေမှ ခွဲထွက်သွားပြီးနောက်တွင် ထပ်မံကွဲကြပြန်သဖြင့် ၁၉၂၀ ခု နှစ်များ ကုန်ဆုံးခါနီးတွင် အဖွဲ့အစည်း (၃) ဖွဲ့ ဖြစ်သွားပါတော့သည်။ ၁၉၃၀ ခုနှစ်များ၏ အစပိုင်းကာလတွင်မူ ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲထားသင့်၊ မထားသင့် ဟူသော “ခွဲရေး-တွဲရေး” ကိစ္စအပေါ် မြန်မာနိုင်ငံရေးသမားများ စိတ်ဝင်စားစွာ အငြင်းပွားကြသည်ကို တွေ့ရပါသည်။
ထိုနိုင်ငံရေးသမားများအနက် အချို့မှာ ဆရာစံသူပုန်တို့အား ဗြိတိသျှအစိုးရက ခုံရုံးတင်စစ်ဆေးရာ၌ သူပုန် များဘက်မှ ခုခံကာကွယ်ပေးခဲ့သဖြင့် ထင်ပေါ်ကျော်ကြားလာသူများဖြစ်ပါသည်။ တချိန်တည်းမှာပင် ငြိမ်၍ ခေါင်းငုံ့ခံသည့်ကာလမှာလည်း ဆုံးခန်းသို့ ဦးတည်လာကာ ထိုးနှက်တိုက်ခိုက်ခြင်း သဘောဆောင်သော နည်းဗျူဟာများသုံးစွဲရန် တွန့်ဆုတ်လိမ့်မည်မဟုတ်သော အမျိုးသားရေးစိတ်ဓာတ်ရှိသည့် မျိုးဆက်သစ်များ လည်း နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရောက်ရှိလာပါသည်။
အသက် (၁၈) နှစ်အရွယ် အောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားကလေးပင်ဖြစ်ပါသည်။ မိမိတို့ကိုယ်မိမိတို့ လူ့မလိုင်ဟု အထင်ရောက်နေကြပြီး ကြော့ရှင်းဝံ့ကြွားစွာ ဝတ်ဆင်နေထိုင်ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အသိုင်းအဝိုင်းတွင် မျက်နှာထားရှုသိုး⁠သိုးနှင့် အဝတ်အစား ပိုသီပတ်သီဝတ်ဆင်သော အောင်ဆန်းသည် အံမဝင်ဂွင်မကျ ဖြစ်နေ၏။ ထို့အပြင် သူ့ထက်သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက် ပြောင်မှုကိုလည်း ဂရုမစိုက်ကြောင်း စောစီးစွာပေါ်လွင်စေခဲ့၏။
အောင်ဆန်း တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတရပ် ကျင်းပပါ သည်။ ထိုစကားရည်လုပွဲအပြီး၌ အောင်ဆန်းသည် ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင်သွင်း သော “ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်”ဟူသည့် အဆိုကို ထောက်ခံလိုက်ပါသည်။ ဤသည်မှာ မိသားစုသွေးစည်းရေး သဘောဆောင်သည့် အပြုအမူမဟုတ်ပါ။ ယုံကြည်ချက်အရ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါ သည်။
အောင်ဆန်း အင်္ဂလိပ်စကားပြောရာတွင် အသံထွက် အမှားမှားအယွင်းယွင်း ကို့ယို့ကားရား ချောမွေ့ပြေပြစ် ခြင်း မရှိသောကြောင့် သူ့စကားများမှာ နားမလည်နိုင်သလောက်ပင်ဖြစ်၏။ ပရိသတ်က ပြောင်လှောင်သရော် အော်ဟစ်ကြသဖြင့် အကိုဖြစ်သူ အတော်ပင်အနေရခက်သွား၏။ အောင်ဆန်းကမူ ကြောက်ရွံ့၍ အသံပျောက် သွားခြင်းမရှိ။ ကဲ့ရဲ့သံများ၊ မြန်မာစကားနှင့်သာပြောရန် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်သံများကို လျစ်လျူရှုကာ အဆင့်အတန်းမမီသော သူ့အင်္ဂလိပ်စကားကို ပါဠိအသုံးအနှုန်းများဖြင့် ဖြည့်စွက်၍ သူပြောလိုရာအားလုံးကို ပြီးဆုံးအောင် ဆက်လက်ပြောဆိုသွားပါသည်။
ထိုပထမစကားရည်လုပွဲ အဖြစ်အပျက်သည် နောင်အတွက် အစဉ်အလာတရပ် ချမှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ ပရိသတ်က ကဲ့ရဲ့ရှုတ်ချနေသည့်ကြားကပင် သူပြောလိုရာကို အင်္ဂလိပ်စကားနှင့်ပြောခြင်း၊ သုန်သုန်မှုန်မှုန် နေတတ်ခြင်းတို့ကြောင့် သူသည် အူကြောင်ကြောင်နိုင်သော အရူးတယောက်ဟူ၍ပင် နာမည်ရခဲ့ ၏။
သို့သော် အောင်ဆန်းသည် အဝေဖန်ခံရမည်ကို ကြောက်ရွံ့ပြီး သူလုပ်ကိုင်ရန် ဆုံးဖြတ်ထားသောကိစ္စများကို မလုပ်ဘဲနေမည့် လူမျိုးမဟုတ်ပါ။ ခေတ်ပြိုင်ကမ္ဘာတွင် အင်္ဂလိပ်စကား အရေးပါပုံကို သိရှိနားလည်သဖြင့် အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင်သုံးစွဲနိုင်ရန် သူ ကြိုးစား၏။ အင်္ဂလိပ်စာအုပ်များကို သဲကြီးမဲကြီးဖတ်ခြင်း၊ အခြားသူများ ပြောပုံဆိုပုံကို နားထောင်လေ့လာခြင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သူ မိတ်ဆွေရင်းတဦးထံမှ အကူအညီယူခြင်း စသည်တို့ဖြင့် ဘုန်းကြီးကျောင်းထွက် အညာသားတဦးအတွက် ထူးခြားလောက်သော အင်္ဂလိပ်စကားကျင်လည်မှုကို သူရရှိလာ၏။
ထိုပထမစကားရည်လုပွဲတွင် အောင်ဆန်း ထောက်ခံခဲ့သောအဆိုမှာ သူ၏ ရေရှည်ယုံကြည်ချက်တရပ်အား ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ကို သတိမူသင့်ပါသည်။ ထိုယုံကြည်ချက်မှာ သံဃာတော်များ နိုင်ငံရေးတွင် ဝင်ရောက်လုပ်ကိုင်ခြင်း မပြုသင့်ကြောင်းပင်ဖြစ်ပါသည်။ မကွယ်လွန်မီ တနှစ်ကျော်ခန့်က ပြောကြားခဲ့သော ရွှေတိဂုံစေတီတော် အလယ်ပစ္စယံညီလာခံမိန့်ခွန်း၌ “ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏”ဟု ပြောခဲ့၏။ ရဟန်သံဃာများအား “အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ – ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည် -- ဤကဲ့သို့ဆောင်ရွက်မှုသည် သာသနာဖက်ကသာကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ၊ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာရောက်ပါသည်ဘုရား” စသဖြင့် လျှောက်ထားခဲ့ပါသည်။
အများက နိုင်ငံရေးသတ္တဝါ ပကတိအဖြစ်ဖြင့်မြင်ကြသော အောင်ဆန်းမှာ စင်စစ်တွင် ဘာသာရေး၌ လေးနက်စွာ တသက်လုံး စိတ်ဝင်စားသူပင် ဖြစ်ပါသည်။ ရေနံချောင်း၌ ကျောင်းတက်နေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ဝမ်းနည်းကြေကွဲကာ ရဟန်းဘောင်ဝင်ရန်ပင် စိတ်ကူးခဲ့ပါသည်။ တက္ကသိုလ်ရောက်စအချိန်ကလည်း အီတလီ လူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးလောကနန္ဒကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော်နှင့် အတူလိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ အခွင့်တောင်းဖူး၏။ အခွင့်ကား မရခဲ့ပေ။ သို့သော် လောကုတ္တရာကိစ္စများကို အောင်ဆန်း ဆက်လက်၍ ဂရုတစိုက်အလေးထားပါသည်။
နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ပြီးနောက်ပိုင်း၌ပင် သူနှင့် အရင်းနှီးဆုံး မိတ်ဆွေတဦးအား သူ၏ “သစ္စာတရားနှင့် လုံးဝအပြစ်ကင်းစင်မှု ရှာပုံတော်ဘဝခရီး” အကြောင်းနှင့် ကာယကံ၊ ဝစီကံ၊ မနောကံအရ ရိုးဖြောင့်နိုင်ရန် သတိပြုကြိုးပမ်းနေကြောင်းတို့ကို စာရေး၍ ရှင်းပြဖူးပါသည်။ ခေတ်လူငယ် စိတ်ပိုင်းဆိုင်ရာ အသိတရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ လောကဒဏ်လှိုင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန်နိုင်စွမ်းမရှိပါက ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ်ဗလာ မွဲပြာကျသောအဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန်မိကြောင်း စသဖြင့်လည်း ရေးသားထားပါသည်။
ကိုအောင်ဆန်း ကျောင်းသားနိုင်ငံရေးတွင် ပါဝင်မှုမှာ အစ၌ ခပ်ဖြေးဖြေး မှန်⁠မှန်သာဖြစ်သော်လည်း ၁၉၃၅ ခုနှစ်နောက်ပိုင်း၌ အရှိန်အဟုန် မြင့်မားလာ၏။ ထိုအချိန်တွင် သူသည် ကိုနု၊ ကိုလှဖေ (နောင် ဗိုလ်လင်္ကျာ)၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ်ကဲ့သို့သော ပုဂ္ဂိုလ်များနှင့်အတူ စတင်လုပ်ကိုင်နေပြီး မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် ထင်ရှားလာမည့် ထိုလူငယ်များနှင့် အောင်ဆန်းတို့ လက်တွဲကာ ကျောင်းသားများ အတော်ပင် ဂရုပြုရမည့် နိုင်ငံရေးအင်အားစုတစုဖြစ်လာအောင် စည်းရုံးပါသည်။
သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်းတို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ ကိုအောင်ဆန်းတို့လူစုသည် အာဏာပိုင်အလိုတော်ရိများ လွှမ်းမိုးထားသော တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ထိုးထွင်းဝင်ရောက်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် စတင်လှုပ်ရှား၏။ ပထမတွင် အောင်မြင်မှုသိပ်မရှိခဲ့ပေ။ ၎င်းတို့အထဲမှ ကိုကျော်ငြိမ်းနှင့် ကိုသိန်းဖေတို့သာ သမဂ္ဂအမှုဆောင်များအဖြစ် အရွေးချယ်ခံရသည်။ သို့သော် နောက် ပိုင်းတွင် ထက်သန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် ဇွဲလုံ့လတို့၏ အကျိုးအမြတ်များ ထွန်းကားလာ၏။ တက္ကသိုလ်ကျောင်းသားများ၏ စိတ်နေစိတ်ထားလည်း ပြောင်းလာ၏။ လှုပ်ရှားတက်ကြွသော ပြည်ချစ်စိတ်လွှမ်းမိုး လာ၏။
၁၉၃၅-၃၆ စာသင်နှစ်အတွင်း ကျောင်းသားသမဂ္ဂအမှုဆောင် ရွေးကောက်ပွဲတွင် အဓိကနေရာအား လုံး အမျိုးသားရေးစိတ်ဓာတ် ထက်သန်သောလူငယ်များက ရရှိသွားကြ၏။ ကိုအောင်ဆန်းသည် အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် အရွေးခံရပြီး သမဂ္ဂမဂ္ဂဇင်း၏ အယ်ဒီတာလည်း ဖြစ်လာပါသည်။
သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ‘ငရဲ‌ခွေးကြီး လွတ်နေပြီ’ ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့သည်။၊ ဆောင်းပါးရှင်အားဖေါ်ထုတ်ရန် တောင်းဆိုသည်ကို မဖော်ပြခြင်း၊ ကိုနုသည်လည်း ကျောင်းအုပ်ကြီးအား ပစ်⁠ပစ်ခါခါ ဝေ ဖန်မှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံရသည်။
တက္ကသိုလ်စာမေးပွဲများစစ်ချိန် ဖြစ်လေရာ ဤဆုံးဖြတ်ချက်မှာ အထူးလေးနက်သည့် ကိစ္စတရပ်ဖြစ်ပါသည်။ သပိတ်သတင်းမှာ ချက်ချင်းပင် ဟိုလေးတကျော်ဖြစ်သွားလေသည်။ ကိုနု နှင့် ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံခဲ့ရသောကြောင့် ကျောင်းသားများထဲတွင် မကျေနပ်မှု၊ ဒေါသထွက်မှု ပို၍များပြားလာ လေသည်။ သို့ဖြင့် သပိတ်မှောက်ရန် ဆုံးဖြတ်ကြပါတော့သည်။ သတင်းစာများနှင့်တကွ တနိုင်ငံလုံးက သပိတ်မှောက်ကျောင်းသားများကို ကြင်နာစွာ ထောက်ခံကြပါသည်။ ဤကဲ့သို့ အများထောက်ခံမှုကို ရယူနိုင် ခြင်း၊ လေးစားလောက်အောင် စီမံကွပ်ကဲနိုင်ခြင်း၊ စည်းကမ်းရှိခြင်း စသည်တို့ကြောင့် ကျောင်းသားများ၏ လုပ်ရည်ကိုင်ရည်နှင့် ကျောင်းသားအင်အား၏ တန်ခိုးအာနိသင်ကို လူကြီးပိုင်း နိုင်ငံရေးသမားများ အသိအ မှတ်ပြုလာကြရသည်။ အစိုးရအနေဖြင့်လည်း သပိတ်မှောက်သူများ၏ မကျေနပ်ချက်များကို လေးနက်စွာ မ စဉ်းစား၍ မဖြစ်တော့ပါ။ နောက်ဆုံး၌ နိုင်လူမင်းထက်ပြုတတ်သော ကျောင်းအုပ်ကြီးမှာ အငြိမ်းစားယူလိုက်ရ ၏။ တက္ကသိုလ်အက်ဥပဒေတွင် ကျောင်းသားများထည့်သွင်းလိုသော ပြင်ဆင်ချက်များကို လေ့လာရန် ကော်မ တီတရပ်ကိုလည်း ဖွဲ့စည်းလိုက်ရပြီး အရေးမပါလှသော တောင်းဆိုချက်များကိုမူ လိုက်လျောလိုက်လေသည်။
ထို့ကြောင့် သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ရုပ်သိမ်းခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးဆက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ်ရွေးချယ်ခဲ့သည်။
ကိုအောင်ဆန်းနှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖွဲ့
၁၉၃၈ ခုနှစ်တွင် သမဂ္ဂနှစ်ရပ်စလုံး၏ ဥက္ကဋ္ဌဖြစ်လာပါသည်။ ထိုအချိန်၌ ကိုအောင်ဆန်း တက္ကသိုလ်မှ ဝိဇ္စာဘွဲ့ ရပြီး၍ ဥပဒေဝိဇ္စာတန်းတွင် တက်ရောက်နေ၏။ ထိုကဲ့သို့ ဥပဒေတန်းဆက်တက်နေခြင်းမှာ တက္ကသိုလ်တွင် ဆက်လက်နေထိုင်လှုပ်ရှားနိုင်ခွင့်ရရှိရန်ဟူသော အကြောင်းလည်း ပါဝင်ပါသည်။ ဖြောင့်မတ်တည်ကြည်ခြင်း၊ ဇွဲလုံ့လကြီးခြင်း၊ အလုပ်လုပ်နိုင်စွမ်းရှိခြင်း စသည်တို့ကြောင့် ကိုအောင်ဆန်းအနေဖြင့် လေးစားခြင်း ခံရသော် လည်း အခြားကျောင်းသားခေါင်းဆောင်များကဲ့သို့ ယဉ်ကျေးသိမ်မွေ့၍ ဆက်ဆံရေးပြေပြစ်ခြင်းမရှိသော လူ့ဂွ စာတဦးပင် ဖြစ်ပါသည်။
သုန်သုန်မှုန်⁠မှုန်နေတတ်ခြင်း၊ မသပ်ရပ်ခြင်း၊ စိတ်မပါလျှင် သူတပါး အနေရကြပ်လောက်အောင် တုံဏှိဘာဝေ နေတတ်ခြင်း၊ စိတ်ပါပြန်တော့လည်း သူတပါး မခံနိုင်လောက်အောင် စကားဖောင်ဖွဲ့ခြင်းနှင့် အခြားထောင့်မ ကျိုးသော အမူအကျင့်တို့ကြောင့် ကိုအောင်ဆန်း မကြာခဏ အဝေဖန်ခံရပါသည်။ သူကိုယ်တိုင်လည်း “ရံဖန် ရံခါ လူ့ယဉ်ကျေးများနှင့် အသားမကျခဲ့ချေ၊ မျက်စေ့နောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူ့ယဉ်ကျေးများ နှင့် ငါ လူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိလာသည်” ဟု ရေးသားခဲ့ဖူး၏။ သို့သော် လူရိုင်းများကို အောင် ဆန်းမြင်ပုံမှာ စိတ်ကူးယဉ်ဆန်၏။ ရိုးဖြောင့်တည်ကြည်၊ ကျန်းမာသန်စွမ်းပြီး၊ လွတ်လပ်ချမ်းသာစွာ နေထိုင်သူ များဟု သူက အမွှန်းတင်ထားခြင်းပင်ဖြစ်ပါသည်။
၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်တွင် သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦးဖြစ်လာသောအခါတွင် သခင် (အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့ကြီးများက သူတို့သာလျှင် သူတို့သာလျှင် အသုံးပြုရန်မတရား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွတ်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်းသပိတ်ပွဲများကို လှုံဆောင်ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအားထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသောရဟန်းများ၊ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ်ပြုထားခြင်းဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှူးဖြစ်လာခဲ့သည်။
ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း
သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉ ခုနှစ် ဩဂုတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင် သူသည့် ပြည်သူ့တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တောင် စည်းဝေးပွဲသို့တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန် ကြိုးပမ်းအားထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်းဝရမ်းထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံမှ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြသည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။

ဒုတိယကမ္ဘာစစ်‌ကာလ

၁၉၃၉ ခုနှစ် ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ်မီး စတင်လောင်ကျွမ်းပြီး များမကြာမီ ‘ကိုလိုနီဝါဒအခက်၊ လွတ်လပ်ရေးအချက်’ ဟုမြင်ကာ ‘ထွက်ရပ်ဂိုဏ်းကြီး’ တည်ထောင်နိုင်ရန် သခင်အောင်ဆန်း ကူညီပေးခဲ့ပါ သည်။ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီ၊ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသားများနှင့် ပုဂ္ဂလိကနိုင်ငံရေးသ မားများ စုပေါင်းဖွဲ့စည်းလိုက်သော ထို ‘ထွက်ရပ်ဂိုဏ်းကြီး’ သည် သခင်အောင်ဆန်း၏ တီထွင်မှုဖြစ်သည်ဟု သခင်နုက သတ်မှတ်ခဲ့၏။ ‘ထွက်ရပ်ဂိုဏ်းကြီး’ ၏ ပြည်သူလူထုကို တိုက်တွန်းဆော်ဩချက်မှာ စစ်ပြီးသည်နှင့် လွတ်လပ်ရေးပေးရန်သဘောတူသော ကတိရမှသာလျှင် ဗြိတိသျစစ်ရေးကြိုးပမ်းချက်များကို ကူညီပံ့ပိုးရမည်။ ဗြိတိသျှအစိုးရအနေနှင့် ထိုကဲ့သို့ကတိကြေညာချက်မပြုပါက စစ်ရေးကြိုးပမ်းချက်များကို အင်တိုက်အားတိုက် ဆန့်ကျင်ရမည်။ တုံ့ပြန်သည့်အနေနှင့် ဗြိတိသျှအစိုးရသည် အမျိုးသားရေးလှုပ်ရှားနေသူအများအပြားကို ဖမ်း ဆီးလိုက်ပါသည်။ ၁၉၄၀ ခုနှစ် ကုန်ဆုံးချိန်၌ သခင်ခေါင်းဆောင် အမြောက်အမြားနှင့် ဒေါက်တာဘမော်တို့မှာ ထောင်ထဲရောက်နေကြပေပြီ။ သခင်အောင်ဆန်းကို ဖမ်းဆီးရန် ဝရန်းအမိန့်ထုတ်ခဲ့သော်လည်း အချိန်မီသတိ ပေးချက်ရသဖြင့် သူသည် ခြေရာဖျောက်ကာ တိမ်းရှောင်သွားနိုင်ခဲ့သည်။

ဂျပန်နှင့် ပူပေါင်းခြင်း

သခင်အောင်ဆန်းသည် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရန် လိုအပ်ကောင်းလိုအပ်မည်ဟု ယူဆခဲ့သည်မှာ ကာလအတန်ကြာကပင် ဖြစ်ပါသည်။ ၁၉၄၀ ခုနှစ် ဩဂုတ်လတွင် သခင်အောင်ဆန်းနှင့် သခင်လှမြိင် (နောင်အခါ ဗိုလ်ရန်အောင်ဟုထင်ရှားသူ)တို့ မြန်မာပြည်မှ ဟိုင်လီအမည်ရှိ သင်္ဘောနှင့် ထွက်ခွာခဲ့ရာ တရုတ်နိုင်ငံ အမွိုင်မြို့ရှိ ‘အပြည်ပြည်ဆိုင်ရာဒေသ’ ဖြစ်သော ကူလန်စုသို့ ရောက်သွားကြပါသည်။ ထိုနေရာ၌ သူတို့နှစ်ဦး လအနည်းငယ်မျှ သောင်တင်နေပြီး တ ရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန် ကြိုးစားချက်များလည်း အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်ကွန်မြူနစ်များနှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့သော်လည်း ဂျပန်ကိုယ်စားလှယ်တဦး သူတို့အား ချဉ်းကပ်ပြီး ဂျပန်တပ်မတော် အရာရှိတဦးဖြစ်သူဗိုလ်မှူးကြီးစူဇူကီကေအီဂျီ နှင့်တွေ့ရန် တိုကျိုသို့ လေယာဉ်နှင့်ပို့လိုက်ပါသည်။ ထိုဗိုလ်မှူးကြီး သည် နောင်အခါ၌ ‘မြန်မာပြည်လွတ်လပ်ရေးကို ကူညီရန်နှင့် တရုတ်မြန်မာလမ်းမကြီးကို ပိတ်ဆို့ရန်’ ရည် ရွယ်ချက်များနှင့် တည်ထောင်သော မီနာမီကီကန် လျှို့ဝှက်အသင်း၏ ခေါင်းဆောင်အဖြစ် ထင်ရှားမည့်သူဖြစ် ပါသည်။
မြန်မာနိုင်ငံရေးသမားများနှင့် ဂျပန်တို့အကြားအဆက်အသွယ်ရှိခြင်းမှာ အသစ်အဆန်းမဟုတ်ချေ။ ဒေါက်တာ ဘမော်နေရာ၌ ဝန်ကြီးချုပ်ဖြစ်လာသောဦးစောသည် ဂျပန်ထောက်ပံ့မှုကြောင့် ချမ်းသာကြွယ်ဝလာသူဟူ၍ နာမည်ထွက်ခဲ့ပါသည်။ ဒေါက်တာဘမော်ကိုယ်တိုင်လည်း ‘ထွက်ရပ်ဂိုဏ်း’ အတွက် ဂျပန်တို့ထံမှ အကူအညီ ရှာခဲ့ပါသည်။ ဒေါက်တာဘမော်၏ အစိုးရအတွင်း ဝန်ကြီးတဦးဖြစ်ခဲ့သော ဝါရင့်နိုင်ငံရေးသမားကြီး ဒေါက်တာ သိမ်းမောင်ကမူ ဂျပန်သို့ အလည်အပတ်သွားရောက်ခဲ့ပြီး ဂျပန်-ဗမာ ချစ်ကြည်ရေးအသင်းကို ရှေ့ဆောင် တည်ထောင်ခဲ့ပါသည်။ ၁၉၄၀ ခုနှစ်လယ်တွင် ဗိုလ်မှူးကြီးစူဇူကီး မြန်မာပြည်သို့ အလည်ရောက်စဉ်က ဒေါက်တာ သိမ်းမောင်နှင့် တွေ့ခဲ့၏။ ဤတွေ့ဆုံဆက်သွယ်မှုမှတဆင့် ဂျပန်များက အမွိုင်ရောက် သခင်နှစ်ဦးအား ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံမှု ကတိကဝတ်များရလာသည်။ သူသည် ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် မြန်မာပြည်လမ်းမကြီးအား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံ့ကူညီရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှူးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ (ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။
၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလတွင် သခင်အောင်ဆန်းသည် တရုတ်သင်္ဘောသားအသွင်ဖြင့် မြန်မာပြည်သို့ ပြန် ရောက်လာလေသည်။ သူမှတဆင့် ဂျပန်တို့ကမ်းလှမ်းလိုက်သည့် သဘောတူညီချက်အရ၊ တော်လှန်ပုန်ကန် ရန် လက်နက်များနှင့် ငွေကြေးထောက်ပံ့မည်ဟု မြန်မာတို့က နားလည်ခဲ့၏။ ထို့ပြင် လက်ရွေးစင်လူငယ်တစု ကို စစ်သင်တန်းပေးမည်။ ထိုလူငယ်များကို မြန်မာနိုင်ငံမှ ခိုးထုတ်သွားရန် လိုပေမည်။ သခင်အောင်ဆန်း မြန်မာပြည်၌ ကြာမြင့်စွာမနေပါ။ ဂျပန်သို့ သခင်လှဖေနှင့် အခြားလူငယ်သုံးဦးတို့နှင့်အတူ ပြန်သွားပါသည်။ ထို အုပ်စုမှာ ‘ရဲဘော်သုံးကျိပ်’ ၏ ရှေ့ပြေးတပ်ဦး ဖြစ်ပါသည်။
ရဲဘော်သုံးကျိပ်သည် ဟိုင်နန်ကျွန်း၌ ပင်ပန်းကြီးစွာ စစ်ပညာသင်ယူရပါသည်။ ၎င်းတို့အနက် သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လင်္ကျာ)၊ သခင်အောင်သန်း(ဗိုလ်စင်္ကြာ)နှင့် သခင်ထွန်းအုပ်တို့ကို စစ်ဌာနဦးစီးကွပ် ကဲရေးနှင့် အုပ်ချုပ်ရေးတို့ကို အထူးလေ့လာရန် ရွေးချယ်လိုက်ပါသည်။ သခင်ပါတီ အုပ်စုတစုကို ကိုယ်စားပြု သော သခင်ထွန်းအုပ်အား နိုင်ငံရေးခေါင်းဆောင်တင်မြှောက်လိုက်၏။ သို့သော်လည်း သခင်အောင်ဆန်း သည် ရဲဘော်သုံးကျိပ်၏ ခေါင်းဆောင်အဖြစ် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ဗမာ့လွတ်လပ်ရေးတပ်မ တော် ဖွဲ့သောအခါ၌လည်း တပ်မတော်၏ ပြိုင်ဘက်မရှိခေါင်းဆောင် ဖြစ်လာလေသည်။ သခင်အောင်ဆန်း သည် ကိုယ်ခန္ဓာညှက်ပြီး အားကောင်းသန်မာလှခြင်းမရှိသော်လည်း တိုက်ရေးခိုက်ရေးကျွမ်းကျင်ကာ သတ္တိရှိ ၍ အပင်ပန်းခံနိုင်သော စစ်သားတဦးဖြစ်လာ၏။
လူငယ်စစ်သင်တန်းသားများသည် ဂျပန်နည်းပြဆရာအချို့ကို လေးစားချစ်ခင်ကြသော် လည်း၊ ဂျပန်စိတ်နေသဘောထားအချို့ကိုမူ များစွာမနှစ်မြို့ရကား ၁၉၄၁ ခုနှစ်ကုန်ပိုင်း မြန်မာပြည်တွင်းသို့ မချီတက်မီကပင် ဗမာနှင့် ဂျပန်တို့အကြား ကတောက်ကဆဖြစ်မှုများ စတင်ပေါ်ပေါက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂျပန် စစ်ဘက်ဆိုင်ရာအရာရှိကြီးများ(အရှေ့တန်းဝဲမှ စတုထ္တမြောက်)
မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည်ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) တပ်မတော်အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ သူသည် အဖွဲ့၏ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှူးကြီးအောင်ဆန်း အဖြင့်သာနေခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေငြာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၎င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာ ကြာ⁠ကြာမခံပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တာရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်းနှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျုးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့သည်။ နောင်တွင် စစ်အစိုးရမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်း‎
စစ်ဝတ်စုံဖြင့် ဗိုလ်ချုပ်အောင်ဆန်း

ဒုတိယကမ္ဘာစစ်ပြီးခေတ်

‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ် ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်း⁠ဖြည်းဖျက်သိမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီဟိုဠ်တွင် ပြုလုပ်ခဲ့သော ကန်ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏အောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။ ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှူးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့်နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အက်တလီ
ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် လုံး⁠လုံးလျား⁠လျားဖြစ်နေပြီ ဖြစ်သော်လည်း ဗြိတိသျှ၏ ဗီတိုကျခံနိုင်လျက် ရှိသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်သည်။ နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း၊ ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖတ်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးတို့ကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အချို့က သူ့အား ကရင်လူမျိုးတို့အပေါ် ဗြိတိသျှတို့အားသစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအားလည်း စစ်အတွင်းက သူကြီးတစ်ဦးအား ကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်မြ၊ Lord Pethwick-Lawrence၊(၁၉၄၇ ခုနှစ် လန်ဒန်မြို့၌)
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေနွေးပွဲများကို ရန်ကုန်ရှိ ဆိုရန်တာဗီလာတွင် ကျင်းပခဲ့သည်။
လွတ်လပ်ရေးမရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်လိနက်ဝန်ကြီး ခြောက်ဦးတို့ကို လုပ်ကြံသတ်ဖြတ်ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူဦးစော၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။

မိသားစု

ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစု(ဇနီး ဒေါ်ခင်ကြည်၊ သားကြီး အောင်ဆန်ဦး၊ သားလတ် အောင်ဆန်းလင်း၊ သမီးငယ် အောင်ဆန်းစုကြည်)
၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင်ဒေါ်ခင်ကြည်နှင့် ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ညီမဖြစ်သူက ကွန်မြူနစ် ခေါင်းဆောင်သခင် သန်းထွန်းနှင့် အကြောင်းပါခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ကို ခေါင်းဆောင်လျက်ရှိသည်။
နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်
နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်
သူ၏ သားတစ်ဦးဖြစ်သူ အောင်ဆန်းလင်းမှာ ၈ နှစ်သား အရွယ်တွင် ရေနစ်သေဆုံးခဲ့သည်။ အခြားသားတစ်ဦးဖြစ်သူ ဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်။ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (ဝိဘဇ္စဝါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ဝိဘဇ္စဝါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဌာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇဝင်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇဝင်သိရုံသာ မဟုတ်၊ ရာဇဝင်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင်အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘဝ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ဝမ်းသာစရာ ကောင်းသလို ဝမ်းနည်းဖွယ်လည်း ကောင်းလှသည်။ ဝမ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ဝမ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိ⁠ထိမိမိ ကွင်း⁠ကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေဝင်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ဝါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များ⁠များရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄ဝခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။ ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’
‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ဝန်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။
လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။
ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။
ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံး⁠လုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘဝတွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘဝကို ဖြတ်သန်းသွားခဲ့သည်။ ။

ဘဝနိဂုံး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး များ (အာဇာနည် ကိုးဦး)တို့နှင့်အတူ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသဖြင့် ဆေးရုံ၌
ဗိုလ်ချုပ်နှင့် အတူတကွကျဆုံးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူသင်္ချိုင်း

ဗိုလ်ချုပ်၏ စကားများ

  • ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။
(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)
  • လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)
  • ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲ⁠ရဲသေပြလိုက်ကြတာပေါ့ ...။
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၎င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)
  • ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။
  • စစ်ထွက်ကြတာပေါ့၊ ရှေး⁠ရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနင်္သာရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ ... ။
(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)
  • ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အဝိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။
(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက)

အမွေအနှစ်‌

စစ်အစိုးရသည် ဗိုလ်ချုပ်အောင်ဆန်းအား အမှတ်ရစေမည့် ကိစ္စမှန်သမျှအား ဖျက်ဆီးရှင်းလင်းပစ်သော်လည်း မြို့တော်ရန်ကုန်တွင် ၎င်း၏ ရုပ်ပုံများက အိမ်များ၊ ရုံးများတွင်လည်း နေရာယူထားလျက် ရှိသည်။ စကော့ဈေးနှင့် ကော်မရှင်နာ လမ်းများကို လည်းဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းများအဖြစ် လွတ်လပ်ရေး နောက်ပိုင်းတွင် ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံအနှံ မြို့ကြီးပြကြီးရှိ လမ်းများ၊ ပန်းခြံများလည်း သူ့အား အမှတ်ရစေရန် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအဖြစ် မှည့်ခေါ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း အားအမှတ်ရမိစေမည့်ဗိုလ်ချုပ်အောင်ဆန်းသီချင်း မှာလည်း ထင်ရှားသည်။ ရှစ်လေးလုံးအရေးတော်ပုံ အတွင်း သူ၏ ဓာတ်ပုံအား ကိုင်ဆောင်လှည့်လည်ကြသည်။ သူကွယ်လွန်စဉ်က အသက် ၃၂ သာ ရှိသေးသည်။ ရွှေတိဂုံစေတီ ခြေရင်းတွင် အာဇာနည် ဗိမာန်တစ်ခု တည်ဆောက်ထားပြီး ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့ အဖြစ် နှစ်စဉ် အခမ်းအနားကျင်းပ ကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်နှင့် နိုင်ငံတော်သူရဲကောင်းအဖြစ်တို့မှ သူ့အား ဖယ်ထုတ်၍ ရမည် မဟုတ်ချေ။